အစာအဆိပ် မသင့်ရအောင်
မကြာသေးခင်က ကျောက်တော်မြို့မှာ စျေးကဝယ်လာတဲ့ ပြောင်းဖူးစားမိပြီး မိသားစုဝင် ၇ ဦးရှိတဲ့ထဲက ၆ ဦး သေဆုံးသွားတဲ့အကြောင်း တွေ့လိုက်ရသလို Hotdog တွေစားပြီး မူးဝေအေ့အန်ကာ ဆေးရုံတက်ရောက်ရတဲ့ ရှမ်းပြည်က ကလေးတွေအကြောင်းလည်း တွေ့လိုက်မိပါတယ်။
အဲဒီလို အစာအဆိပ်သင့်တာတွေ ဘာကြောင့်ဖြစ်တာလဲ?
အစာအဆိပ်သင့်တာဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ၊ အဆိပ်အတောက်တွေပါဝင်နေပြီး မသန့်ရှင်းတဲ့ အစားအစာတွေကို စားမိရာက ဖြစ်တာပါ။
- စိုက်ပျိုးတဲ့အချိန်၊ ရိတ်သိမ်းခူးဆွတ်တဲ့အချိန်၊ သိုလှောင်တဲ့အချိန်၊ တင်ပို့တဲ့အချိန်နဲ့ အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်တဲ့အချိန်တွေမှာ အစားအစာတွေ မသန့်ရှင်းမှု ဖြစ်နိုင်ပါတယ်။
- သေချာချက်ပြုတ်မထားတဲ့ အစားအစာတွေ (အထူးသဖြင့် အစိမ်းစားရတဲ့ အစားအစာတွေ)
- အသင့်ပြင်ဆင်ပြီးသား ရယ်ဒီမိတ်အစားအစာတွေ
- လုံလောက်အောင် အေးခဲမထားတဲ့ အစားအစာတွေ (ဥပမာ…အသားတွေ)
- ရက်လွန်နေတဲ့ အစားအစာတွေ
- မသန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်ပြင်ဆင်ထားတဲ့ အစားအစာတွေဟာ အစာအဆိပ်သင့်နိုင်ခြေ ပိုများပါတယ်။
ရောဂါလက္ခဏာတွေ…
မသန့်ရှင်းတဲ့ အစားအစာကို စားပြီး နာရီအနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာတွေ စတင်ခံစားရနိုင်သလို ရက်ပိုင်းလောက်ကြာမှ ခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ ကုသမှုမလိုတဲ့ အပျော့စားရောဂါလက္ခဏာတွေ ဖြစ်နိုင်သလို ဆေးရုံတက်ကုသရန်လိုပြီး အသက်ဆုံးရှုံးတဲ့ထိလည်း ပြင်းထန်နိုင်ပါတယ်။
- ပျို့တာ
- အန်တာ
- ဗိုက်အောင့်တာ
- အရည်ကျဲကျဲဝမ်းသွားတာ သို့မဟုတ် သွေးဝမ်းသွားတာ
- ဖျားတာတွေဟာ အစာအဆိပ်သင့်တဲ့ လက္ခဏာတွေပါ။
ဒါတင်မကပဲ
- ဘာမှ မစားမသောက်နိုင်အောင် တောက်လျှောက်အန်နေရင်
- ဝမ်းသွားတာ မရပ်ရင် သို့မဟုတ် သွေးဝမ်းသွားရင်
- မခံမရပ်နိုင်အောင် ဗိုက်အောင့်ရင်
- အဖျား 100.4 ဒီဂရီဖာရင်ဟိုက်ထက် ကျော်ရင်
- ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေဖြစ်တဲ့ ရေအရမ်းငတ်တာ၊ အာခေါင်ခြောက်တာ၊ ဆီးနည်းတာ၊ အားနည်းနုံးချိပြီး မူးဝေနေတာဖြစ်ရင်
- ခြေလက်မသယ်ချင်တာ၊ထုံကျဥ်တာ၊ အမြင်အာရုံ ဝါးလာတာမျိုးဆိုရင် ဆေးရုံဆေးခန်း ချက်ချင်းသွားသင့်ပါတယ်။
စားလိုက်တဲ့ ပမာဏ၊ အသက်အရွယ်နဲ့ တခြားရောဂါအခံရှိမရှိ ပေါ်မူတည်ပြီး ပြင်းထန်မှု ကွာခြားနိုင်ပါတယ်။
- သက်ကြီးရွယ်အိုတွေ
- ကလေးငယ်တွေ
- ကိုယ်ဝန်ဆောင်မိခင်တွေ
- ဆီးချိုရောဂါ၊ အသည်းရောဂါ၊ AIDS ရောဂါလို နာတာရှည်ရောဂါရှိသူတွေနဲ့ ကင်ဆာကုသမှုခံယူနေရသူတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။
အန်တာနဲ့ ဝမ်းသွားတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးပြီး ကျောက်ကပ် ရုတ်တရက်ပျက်စီးကာ အသက်ဆုံးရှုံးနိုင်တာမို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အချိန်မီ ပြန်လည်ဖြည့်တင်းဖို့က အရေးအကြီးဆုံးပါ။ ဒါကြောင့် အစာအဆိပ်သင့်တာနဲ့ ရေနဲ့ ဓာတ်ဆားရည်များများသောက်ဖို့ လိုပါတယ်။
အစာအဆိပ်မသင့်ရအောင် ဘယ်လိုကာကွယ်မလဲ?
- အစားအစာတွေကို ကိုင်တွယ်ချက်ပြုတ်ခါနီးတိုင်း၊ စားခါနီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပါ။
- အသားစိမ်းတွေကို အသီးအရွက်တွေ၊ အသင့်စားမယ့် အစားအစာတွေနဲ့ ရောမထားဘဲ ခပ်ဝေးဝေးထားပါ။
- အစားအစာတွေကို လုံလောက်တဲ့ အပူချိန်မှာ ချက်ပြုတ်ပါ (ဥပမာ…အမဲသားဆို 160 ဒီဂရီဖာရင်ဟိုက်၊ ကြက်သားဆို 165 ဒီဂရီဖာရင်ဟိုက်)
- အသားတွေကို မချက်ခင် ရေခဲသေတ္တာထဲက အကြာကြီးထုတ်ထားတာမျိုး မလုပ်ပါနဲ့။
- အေးခဲထားတဲ့ အသားတွေကို ရေခဲအရည်ပျော်အောင် လုပ်တာကို အခန်းအပူချိန်မှာ အကြာကြီးမထားဘဲ ရေခဲသေတ္တာထဲမှာပဲ တတ်နိုင်သမျှလုပ်ပါ။ အရည်ပျော်အောင်လုပ်ပြီးရင် ချက်ချင်းချက်ပြုတ်ပါ။
- မသန့်ရှင်းဘူးလို့ သံသယရှိတဲ့ အစားအသောက်တွေကို နှမျောမနေဘဲ လွှင့်ပစ်ပါ။
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတာမို့ အစာအဆိပ်မသင့်ရအောင် ကာကွယ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်